Change Language To -  English   

အလွတ်တန်းပညာရှင်များကို စီမံခန့်ခွဲခြင်း

104 times  

  Posted on
  Tags : #freelancing

အလွတ်တန်းပညာရှင်တွေကို စီမံခန့်ခွဲခြင်းဟာ အချိန်ပြည့်ဝန်ထမ်းတွေကို စီမံခန့်ခွဲခြင်းနှင့် မတူပါဘူး။ ပုံမှန်အားဖြင့် အလွတ်တန်းပညာရှင်တွေဟာ သင့်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိမနေတတ်သလို သူတို့ကို အချိန်ပြည့်ဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လည်း ထိန်းချုုပ်စီမံလို့မရပါဘူး။ ဒါ့ကြောင့် အလွတ်တန်းပညာရှင်တစ်ယောက်ချင်းတွေအတွက် မတူကွဲပြားခြားနားတဲ့ နည်းစနစ်တွေနဲ့ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။

အလွတ်တန်း ပညာရှင်တစ်ယောက်ကို မငှားရမ်းခင်မှာ ဘယ်လိုမျိုးအလုပ်တွေ လုပ်ပေးရမယ်၊ ဘယ်လို လိုအပ်ချက်တွေကို ဖြေရှင်းပေးရမယ်ဆိုတာတွေကို ကြိုတင်ရှင်းပြပေးထားဖို့ အရေးကြီးပါတယ်။ သို့ပေမယ့်လည်း အချိန်ပြည့်ဝန်ထမ်းများကဲ့သို့ ဖျားနာမှု၊ ရုံးချိန်နောက်ကျမှု၊ ကုန်ကျစရိတ်တွေနှင့် အလုပ်လုပ်ချိန်တွေ အတွက်တော့ ခေါင်းစားစရာမလိုတော့ပါဘူး။

ဒီတော့ အလွတ်တန်းပညာရှင်များကို ဘယ်လိုမျိုးမှန်ကန်စွာ စီမံခန့်ခွဲသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်လားဗျ?

 ပရောဂျက်အတွက် လိုအပ်သော အသေးစိတ်အချက်အလက်များကို ရေးသားပေးထားပါ

ဒီလို လိုအပ်တဲ့အသေးစိတ်အချက်အလက်တွေကို ရေးသားဖော်ပြထားခြင်းဟာ သင့်ရဲ့ အလွတ်တန်းပညာရှင် တွေကို လွယ်ကူချောမွေ့စွာ စီမံခန့်ခွဲနိုင်မှာပဲဖြစ်ပါတယ်။ သင့် ပရောဂျက်အတွက် ဘယ်လိုအသေးစိတ် အချက်အလက်တွေပါဝင်သင့် သလဲဆိုတော့ အကျဉ်းချုပ်ဖော်ပြချက်၊ ဆောင်ရွက်ပေးရမယ့် အလုပ်များ၊ ပရောဂျက်ပြီးစီးရမည့်အချိန် သတ်မှတ်ချက်တွေနှင့် အခြားသော လုပ်ငန်းလိုအပ်ချက်တွေကို ထည့်သွင်း ဖော်ပြထားသင့်ပါတယ်။

ဒါမှသာ အလွတ်တန်းပညာရှင်အနေဖြင့်လည်း သူလုပ်ကိုင်ရမယ့် လုပ်ငန်းအသေး စိတ်ကိုသိရှိပြီး အစီစဉ်တကျ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုအသေးစိတ်ဖော်ပြချက်တွေ ပေးမထားဘူးဆိုရင် မိမိလိုချင်တဲ့ ရလဒ်နဲ့ ထွက်ပေါ်လာတဲ့ ရလဒ်မတူညီမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အလွတ်တန်း ပညာရှင်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်သူတွေဖြစ်သော်လည်း သင့်ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု မရှိနိုင်ဘူးဆိုတာဟာလည်း သိထားသင့်တဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ အလွတ်တန်းပညာရှင်တွေကို အကောင်းဆုံး စီမံနိုင်မယ့် နည်းလမ်းကတော့ သူတို့အပေါ်မှာ ဘယ်လိုမျိုး မျှော်လင့်ချက်ထားတယ်ဆိုတာ သိအောင်ပြောပြ ပေးဖို့ပဲဖြစ်ပါတယ်။ တချို့အရာတွေလောက်ကတော့ သူတို့တွေသိပြီးသား ဖြစ်မှာပါလို့မတွေးပါနဲ့ သေချာလေးရှင်းပြပေးပါ။ အကယ်၍ လိုအပ်လျှင် Skype တို့ကို အသုံးပြုပြီး တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

အကယ်၍ သင့်ရဲ့အလွတ်တန်းပညာရှင်ဟာ အဝေးမှာဆိုလျှင် သင့်ကုမ္ပဏီရဲ့ ဖွဲ့စည်းထားပုံ အဆင့်ဆင့်ကို သူသိမှာမဟုတ်သလို ဘယ်သူ့ကို အစီရင်ခံစာ တင်ရမယ်ဆိုတာလည်း ဝေခွဲမရဖြစ်နေတတ်ပါတယ်။ အလွတ်တန်းပညာရှင် အနေဖြင့် ဒီလိုမျိုး သိထားမှသာ သူ့ရဲ့အခြေအနေတွေကို ကောင်းမွန်စွာတင်ပြနိုင်မည် ဖြစ်သလို လိုအပ်ချက်တွေ ရှိလာခဲ့ရင်လည်း အမြန်ဆုံး ဆက်သွယ်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

 အထောက်အကူပြု Tools များအသုံးပြုခြင်း

အလွတ်တန်း ပညာရှင်တွေရဲ့ အချိန်တွေကို သတ်မှတ်စောင့်ကြည့်ဖို့အတွက် အချိန်စီမံခန့်ခွဲတဲ့ Tools တွေကိုလည်း အသုံးပြုသင့်ပါတယ်။ ဒါမှသာ သင့်ပရောဂျက်အတွက် ဘယ်အချိန်ပြီးမယ် ဘယ်လောက်ကြာနိုင်မယ်ဆိုတာတွေကို ကြိုတင်တွက်ဆ ထားလို့ရနိုင်ပြီး အခြားသော ပရောဂျက်တွေနဲ့ အလုပ်တွေအတွက်ပါ ချိန်ဆနိုင်မှာပဲဖြစ်ပါတယ်။ အသုံးများတဲ့ Tools လေးတွေကတော့ Harvest, Toggl နှင့် MyHours တို့ပဲဖြစ်ပါတယ်။

သင့်အနေဖြင့် အလွတ်တန်းပညာရှင်တွေကို ဆက်သွယ်ဖို့၊ စီမံခန့်ခွဲဖို့အတွက် အီးမေးလ်ကို မှန်ကန်စွာ အသုံးပြုခြင်းသည်လည်း ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်နှင့် ဆက်သွယ်ဆောင်ရွက်ဖို့အတွက် Slack ကဲ့သို့သော အသုံးပြုရ လွယ်ကူပြီး ပိုမိုထိရောက်စေတဲ့ Tools တွေလည်း ဖြစ်နိုင်ရင် အသုံးပြုသင့်ပါတယ်။

အကယ်၍ သင့်ကုမ္ပဏီအနေဖြင့် အီးမေးလ် ၂၄ နာရီအသုံးပြုတယ်ဆိုရင် သင့်အလွတ်တန်းပညာရှင်အတွက် လည်း အဆင်ပြေရဲ့လား မေးသင့်ပါတယ်။ တစ်ချို့အလွတ်တန်းပညာရှင်တွေဟာ ညပိုင်းလည်းအလုပ်လုပ် ကြတာမို့ အဆင်ပြေပေမယ့်၊ တစ်ချို့အတွက်တော့ အဆင်မပြေပြန်ပါဘူး။ ဒါ့အပြင် သင့်ရဲ့ အီးမေးလ်စစ်တဲ့ အချိန်တွေကိုလည်း ကြိုတင်ပြောပြထားသင့်ပါတယ်။ ဒါမှသာ နှစ်ဦးနှစ်ဖက် အဆင်ပြေချောမွေ့မှာ ဖြစ်ပါတယ်။

အလွတ်တန်းပညာရှင် တော်တော်များများဟာ ရုံးချိန်ကန့်သတ်မှုတွေနဲ့ တခြားသော ကန့်သတ်မှုတွေကို သိပ်ပြီး အကြိုက်မတွေ့ ကြပါဘူး။ သူတို့ရဲ့ ပရောဂျက်တွေကို သူတို့ကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင် လိုတာပဲဖြစ်ပါတယ်။ နောက်ထပ် မှတ်ထားသင့်တဲ့အချက်တစ်ခုကတော့ အလွတ်တန်းပညာရှင်တွေမှာ clients တွေအများကြီးရှိတတ်ပါတယ်။ ဒါ့ကြောင့်သူတို့ဟာ တစ်ကြိမ်မှာ ပရောဂျက်အနည်းငယ်သာ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလွတ်တန်းပညာရှင်ကောင်းတစ်ယောက်ဟာ သင့်ဆီက စီမံခန့်ခွဲမှုတွေအများကြီး မလိုပါဘူး။ သူတို့ကို ပရောဂျက်အတွက် အသေးစိတ်အချက်အလက်တွေ ပေးဖို့သာ အရေးကြီးဆုံးပဲဖြစ်ပါတယ်။

 သင့်ရဲ့အလွတ်တန်းပညာရှင်များကို ပွင့်ပွင့်လင်းလင်းဆက်ဆံပါ

အလွတ်တန်းပညာရှင်တော်တော်များများဟာ အမှီအခိုကင်းကင်း အလုပ်လုပ်ကြပါတယ်။ တစ်ခါတလေမှာ သူတို့ရဲ့ အတွေး အိုင်ဒီယာနှင့် သင်လိုချင်ပုံစံနဲ့ ကွဲပြားနေတတ်ပါတယ်။ ဒါ့ကြောင့် သင်နှင့် သင့်ရဲ့ပညာရှင် ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိရင် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိသည်သာ မိမိလုပ်ငန်းကို အကျွမ်းတဝင်ရှိတာမို့ ဘယ်လိုပုံစံမျိုးက အဆင်ပြေဆုံးလဲဆိုတာ ဆုံးဖြတ်နိုင်မှာပါ။ ဒီလို ပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိခြင်းဟာ မိမိလိုချင်တဲ့ ရလဒ်မျိုးကို ရရှိနိုင်မယ့် အကောင်းဆုံး နည်းလမ်းပဲဖြစ်ပါတယ်။

Contributed by Myat Min Lu@Kaung Thit, ChateSat's Freelancer
Ref: Twine