Change Language To -  မြန်မာ   

အလွတ်တန်းပညာရှင်တွေကို ငှားရမ်းခြင်း နှင့် ဆက်ဆံနည်း

395 times  

  Posted on
  Tags : #freelancing

ယေဘုယျအားဖြင့် ကုမ္ပဏီတော်တော်များများက သမားရိုးကျ နည်းလမ်းတွေနဲ့ပဲ အသားကျနေတဲ့အတွက် အလွတ်တန်းပညာရှင်တွေကို ငှားရမ်းအသုံးပြုဖို့ကို တွန့်ဆုတ်နေတတ်ကြပါတယ်။ အကယ်၍ သင့်အနေနဲ့ သမားရိုးကျနည်းလမ်းတွေက ခွဲထွက်ပြီး အလုပ်ပိုမိုတွင်ကျယ်စေဖို့ အလွတ်တန်းပညာရှင်တွေကို ငှားရမ်းအသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဘယ်လို ငှားရမ်းသင့်တယ်ဆိုတာနဲ့ ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာလေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ အလုပ်မစခင်မှာ စည်းမျဉ်းစည်းကမ်းများနှင့် သဘောတူညီချက်ထားရှိခြင်း

တစ်ရက်ကို ဘယ်နှနာရီလောက် အလုပ်လုပ်ပေးရမယ်၊ ဘယ်လိုအရာတွေသုံးပြီး အဆက်သွယ်လုပ်မယ် (ဖုန်း သို့မဟုတ် လူမှုကွန်ယက်)၊ ဘယ်အချိန်လောက်အပြီးလုပ်ပေးရမယ် စသည်ဖြင့် မိမိ ပရောဂျက်အတွက် လိုအပ်မည့်၊ ကိုက်ညီသည့် စည်းမျဉ်းစည်းကမ်းများကို အလွတ်တန်းပညာရှင်နှင့် အလုပ်မစခင်ကတည်းက သဘောတူညီချက် ရယူထားခြင်းဖြင့် ပိုမိုလုပ်ငန်းတွင်ကျယ်စေမှာပဲဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားခြင်းဟာ အလွတ်တန်းပညာရှင်အနေဖြင့်လည်း သူအလုပ်လုပ်ရမယ့် အချိန်တွေနဲ့ ပြီးစီးရမယ့် အချိန်တွေကို တစ်ခါတည်းသိသွားပြီး သူအတွက် စိတ်ဓါတ်တက်ကြွမှုတွေနဲ့ အလုပ်လုပ်လိုစိတ်တွေလည်း ပိုမိုတိုးပွားလာစေပါတယ်။ ဒါကြောင့် အားမနာပဲ အလုပ်စတင်မလုပ်ခင်မှာကြိုတင် ညှိနှိုင်းမှုတွေကို မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။

၂။ သင့်ရဲ့ တွက်ချက်၊ မျှော်မှန်းမှုတွေဟာ ယုတ္တိရှိပါစေ

အကယ်၍ သင်ဟာ Facebook လိုမျိုး လူမှုကွန်ယက်တစ်ခုခုကို တစ်ပတ်အတွင်း အပြီးလုပ်ချင်တယ်ဆိုပါစို့။ သင့်အတွက် အလုပ်လုပ်ပေးနိုင်တဲ့ Freelancer တွေကို ရှာကောင်းရှာဖွေနိုင်ပါလိမ့်မယ်။ သို့သော်လည်း ဘာနဲ့သွားတူလဲဆိုတော့ “အမျိုးသမီး ၉ ယောက်ကို ၁ လ အတွင်း ကလေး ၉ ယောက် မွေးခိုင်းတာနဲ့ တူနေပါလိမ့်မယ်။” ဒါ့ကြောင့် မိမိ ပရောဂျက်အတွက် လိုအပ်တဲ့အချိန်အတိုင်းအတာနဲ့ အချက်အလက်တွေဟာ ယုတ္တိရှိနေဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အလွတ်တန်းပညာရှင်တွေအနေနဲ့ သင့်ပရောဂျက်အတွက် အကောင်းဆုံး အကူညီတွေပေးဆောင်နိုင်မှာပဲဖြစ်ပါတယ်။ အကယ်၍ သင့်အတွက် အရမ်းအရေးကြီးနေလျှင်တော့ ပရောဂျက်အတွက် အကောင်းဆုံး ရလဒ်တွေ ရရှိဖို့ အလွတ်တန်းပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဖြစ်နိုင်တဲ့ အချိန်အတိုင်းတာနဲ့ ဆောင်ရွက်ရမည့် အလုပ်တွေကို ပြန်လည် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

၃။ အမြဲတမ်း အဆက်အသွယ်လုပ်ပါ၊ ပျောက်ပျောက်မသွားပါနဲ့

သင့်ပရောဂျက်ကို အလွတ်တန်းပညာရှင်တစ်ယောက်စီမှာ အပ်ပြီး ပြီးပြီလို့မတွေးပါနဲ့။ “အခြေအနေ ဘယ်လိုရှိလဲ?” “အဆင်ပြေရဲ့လား” စသည်ဖြင့် အမြဲတမ်း ဆက်သွယ်မေးမြန်းနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အကြုံပြုချက်လေးတွေ ပြန်ပေးရင်း၊ အလွတ်တန်းပညာရှင်က မေးခွန်းတွေမေးလာလျှင်လဲ အမြန်ဆုံးပြန်လည် ဖြေကြားပေးဖို့ အဆင်သင့်ရှိနေသင့်ပါတယ်။ အကယ်လို့ သင့်အလွတ်တန်းပညာရှင်ဆီမှာ အလုပ်အပ်ပြီး တပတ်လောက် ပျောက်သွားမယ်ဆိုရင် အလွတ်တန်းပညာရှင်အနေနဲ့လဲ စိတ်ဓါတ်တက်ကြွမှုတွေ ပျောက်ဆုံးတာတို့၊ သင့်ပရောဂျက်အတွက် မေ့လျော့သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမြဲတမ်းအဆက်သွယ် လုပ်ပေးပါဆိုလို့ ၁ ရက်တည်းကို ၃ ခါ ၄ ခါလောက် မေးခိုင်းတာမဟုတ်ပါဘူး။ ၁ ရက် ၁ခါ သို့မဟုတ် ၂ ရက်ကို ၁ ခါလောက် သင့်ရဲ့ ပရောဂျက်အပေါ်မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သင့်ပါတယ်။

 အနှစ်ချုပ်အနေဖြင့် အလွတ်တန်းပညာရှင်တွေကို ငှားရမ်းတော့မည်ဆိုလျှင်
- သင့်ပရောဂျက်နှင့် ကိုက်ညီမည့် အလွတ်တန်းပညာရှင်ကို သေချာအချိန်ယူပြီး ရွေးချယ်သင့်ပါတယ်။
- အလုပ်မစခင်မှာ စည်းမျဉ်းစည်းကမ်းနှင့် သဘောတူညီချက်တွေ ထားရှိထားခြင်းဖြင့် အလုပ်ပိုမို တွင်ကျယ်စေသလို အလွတ်တန်းပညာရှင်တွေ အတွက်လည်း အလုပ်အမြန်ဆုံးပြီးမြောက်ဖို့ တွေးတော ချင့်ချိန်နိုင်မှာပဲဖြစ်ပါတယ်။
- သင့်ရဲ့ တွက်ချက်၊ မျှော်မှန်းမှုတွေဟာ ယုတ္တိရှိခြင်းဖြင့် အကောင်းဆုံး ရလဒ်တွေကို ရယူလိုက်ပါ။
- သင့်ရဲ့ အလွတ်တန်းပညာရှင်နှင့် အမြဲတမ်း အဆက်အသွယ်လုပ်ပေးခြင်းဖြင့် သတ်မှတ်ထားသော အချိန်အတွင်း အလုပ်တွေပြီးစီးစေနိုင် သလို အလွတ်တန်းပညာရှင်တွေ အနေဖြင့်လည်း စိတ်ဓါတ် တက်ကြွမှုတွေ ရရှိစေမှာပဲဖြစ်ပါတယ်။

အထက်ပါဖော်ပြချက်တွေကို ဖတ်ရှုပြီးပြီ ဆိုလျှင်တော့ သင့်အနေနဲ့ အလွတ်တန်းပညာရှင်တွေကို ဘယ်လို ငှားရမ်းသင့်တယ်ဆိုတာနဲ့ ဘယ်လို ဆက်ဆံသင့်တယ်ဆိုတာကို သိရှိပြီးဖြစ်သွားပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အလွတ်တန်းပညာရှင်တွေကို ငှားရမ်းအသုံးပြုဖို့ လိုအပ်လာပြီဆိုလျှင်တော့ “ချိတ်ဆက်” Freelancing Platform ဟာ သင်နှင့် သင့်လုပ်ငန်းကို ကူညီပေးဖို့ အမြဲအဆင်သင့်ရှိနေပါတယ်နော်!

Contributed by Myat Min Lu @ Kaung Thit, ChateSat's Freelancer
Ref: laraveldaily