7429
ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ − ‘ချိတ်ဆက်’ Freelancing Platform နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာလိုက်ပါသည်။ နားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှုများဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ငွေကြေးပေးချေမှုစနစ်ကို ပိုမိုအသုံးပြုလာနိုင်ရန်အတွက် KBZPay ၏ လိုအပ်သော နည်းပညာဆိုင်ရာ ထောက်ပံ့မှုများကို လွယ်ကူစွာ ရရှိနိုင်ရန်နှင့် Freelance Developer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။ယခုပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ‘ချိတ်ဆက်‘တွင် မှတ်ပုံတင်ထားသော အလွတ်တန်းပညာရှင် Developer များကို KBZPay Integration နှင့် သက်ဆိုင်သော သင်တန်းများအား KBZPay ဘက်မှ မျှဝေပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် သင်တန်းများ တက်ရောက်ပြီးဆုံး၍ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့ပြုလုပ်ချက်နှင့် စစ်ဆေးချက်များ အောင်မြင်ပါက KBZPay Integration Certified Developer အဖြစ် လက်မှတ် ရရှိမည်ဖြစ်ပါသည်။ သင်တန်းဆင်းလက်မှတ်ရရှိပြီးသူများအား ‘ချိတ်ဆက်’ Freelancing Platform ဝက်ဘ်ဆိုက်တွင် ထင်ရှားသော အမှတ်အသား ပြုလုပ်ပေးထားပြီး Certificate ကို ပြသနိုင်ထားနိုင်သောကြောင့် လုပ်ငန်းရှင်များ လာရောက်ရှာဖွေသည့်အခါ အလွယ်တကူ တွေ့မြင်နိုင်ရန် ကူညီပေးနိုင်ပါသည်။
‘ချိတ်ဆက်’ Freelancing Platform ၏ Chief Executive Officer ဒေါ်ဟန်နီမြဝင်း ပြောကြားသည်မှာ −
“ကျွန်မတို့ ‘ချိတ်ဆက်’ အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် တစ်ခုဖြစ်တဲ့ KBZPay နဲ့ လက်တွဲပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှာ ပိုမိုကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာလည်း အွန်လိုင်းငွေပေးချေမှု နည်းလမ်းတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ပိုမိုအသုံးပြုလာတာကြောင့် အလွတ်တန်းပညာရှင် developer များကိုလည်း KBZPay နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Payment Integration နည်းပညာတွေကို ယခုပူးပေါင်းဆောင်ရွက်မှုကနေ မျှဝေပေးသွားမှာပါ။”
KBZPay ၏ Head of Product and Service Development ဦးဇေယျာဝေဖြိုး ပြောကြားသည်မှာ − ”
မြန်မာနိုုင်ငံမှာ e-commerce တိုးတက်လာတာနဲ့အမျှ KBZPay လိုမျိုး လုံခြုံစိတ်ချရပြီး မိုဘိုင်းဖုန်းနဲ့တင် အသုံးပြုနိုင်တဲ့ မိုဘိုင်းပိုက်ဆံအိတ် mobile wallet တွေရဲ့ အရေးပါမှုဟာလဲ အလွန်ပဲ မြင့်တက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အခုလို global pandamic ကာလမှာ မရှိမဖြစ်လို့ပြောရလောက်အောင် အရေးပါလာတာ တွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းအတွက် လိုအပ်လာတဲ့ KBZPay payment တွေကို ရေးပေးနိုင်တဲ့ စိတ်ချယုံကြည်ရတဲ့ နည်းပညာရှင်တွေ ချိတ်ဆက် လုပ်ဆောင်နိုင်လာအောင် ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ KBZPay အနေနဲ့ developer တွေကို KBZPay payment နည်းပညာပလပ်ဖောင်းအတွက် လိုအပ်တဲ့ နည်းပညာတွေကို ‘ချိတ်ဆက်‘နဲ့ ပူးပေါင်းပြီး မျှဝေပေးနိုင်တဲ့အတွက်လည်း များစွာဂုဏ်ယူမိပါတယ်။”
‘ချိတ်ဆက်’ Freelancing Platform အကြောင်း အကျဥ်းဖော်ပြချက်
‘ချိတ်ဆက်‘သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် အကြီးမားဆုံးသော အလွတ်တန်းပညာရှင် ကွန်ရက်ကို ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ထားသော ကုမ္ပဏီဖြစ်ပါသည်။ ယခုလက်ရှိတွင် လုပ်ငန်းရှင်ပေါင်း (၅၀၀၀)ကျော်ကို အလွတ်တန်းပညာရှင်ပေါင်း (၃၀၀၀၀)ကျော်ဖြင့် ချိတ်ဆက်ပေးနေပါသည်။ ‘ချိတ်ဆက်’တွင် ဝက်ဘ်ဆိုဒ်ရေးသားခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ဒီဂျစ်တယ်မားကတ်တင်း ဆောင်ရွက်ခြင်း၊ စာရင်းဇယားများ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘာသာပြန်ခြင်း စသည့် ကိစ္စရပ်များအပြင် အခြားသော ကိစ္စရပ်များအတွက်လည်း အချိန်ပြည့်ဝန်ထမ်း ခန့်အပ်ထားစရာမလိုပဲ အလွတ်တန်းပညာရှင်များဖြင့် လုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရန် ကူညီဆောင်ရွက်ပေးနေပါသည်။ အသေးစိတ် သိရှိလိုပါက www.chatesat.com သို့ ဝင်ရောက် လေ့လာနိုင်ပါသည်။
KBZPay အကြောင်း အကျဥ်းဖော်ပြချက်
KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါကwww.kbzpay.com နှင့် www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။
© 2016-2023 Technoholic Pte.Ltd . All rights reserved.