5300
မိတ်ဆွေတို့ထံမှာ အလွတ်တန်းပညာရှင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်မယ့် ပရောဂျက်တွေရှိကောင်းရှိပါလိမ့်မယ်။ သို့ပေမယ့်လည်း ပရောဂျက်တွေကို ပြီးဆုံးသည်အထိလုပ်ဆောင်ရာမှာ ပါဝင်တဲ့ အလွတ်တန်းပညာရှင်တွေထံသို့ ပေးချေရမယ့် ကုန်ကျစရိတ်အား ခန့်မှန်းရခက်နေပါသလား။ အလွတ်တန်းပညာရှင်ကို ရှာဖွေငှားရမ်းတဲ့အခါမှာ၊ ကျသင့်ငွေက အမြဲ အဓိက စဉ်းစားရမယ့်အချက်ဆိုပေမယ့်၊ အဲဒီတစ်ခုထဲတော့ မဖြစ်သင့်ပါဘူး။
အဓိက ရည်ရွယ်ချက်က ပရောဂျက်ကို အရည်အသွေးမှီ အချိန်မှန်ကန်မှုရှိပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြီးမြောက်ဖို့အတွက် အကောင်းဆုံး အလွတ်တန်းပညာရှင်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။ အထက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားပြီး မိတ်ဆွေအနေနဲ့ အလွတ်တန်းပညာရှင်အတွက် ဈေးနှုန်းတွက်ချက်ရာမှာ မိမိ ဘာကို ပြုလုပ်ဖို့ လိုအပ်တယ်၊ မိမိလိုချင်တဲ့ ရလဒ်ရအောင် ဘာအရည်အချင်းနဲ့ အတွေ့အကြုံတွေကို လိုအပ်တယ်ဆိုတာတွေးပြီး တွက်ချက်ရမှာဖြစ်ပါတယ်။
အောက်မှာ ဖော်ပြပေးထားတာလေးတွေကတော့ မိတ်ဆွေရဲ့ပရောဂျက် ဘယ်လောက်ကုန်ကျနိုင်တယ်ဆိုတာကို တွက်ချက်ဆုံးဖြတ်ဖို့ ထည့်သွင်းစဉ်းစားရမယ့် အချို့သောအချက်များပဲ ဖြစ်ပါတယ်။
၁။ တကယ်လို့ အလွတ်တန်းပညာရှင်တစ်ယောက်က အတွေ့အကြုံလည်း ပိုရှိတယ် client တိုင်းကလည်း သူနဲ့ လက်တွဲအလုပ်လုပ်ချင်တယ်ဆိုရင်တော့ ပိုပေးဖို့သာ တွေးထားလိုက်ပါ။
မိတ်ဆွေရဲ့ပရောဂျက်မှာ လိုအပ်တဲ့ အရည်အချင်းနှင့် အတွေ့အကြုံလိုအပ်ချက်က မိတ်ဆွေက သတ်မှတ်ထားတဲ့ အလွတ်တန်းပညာရှင်တစ်ယောက်အတွက် ငွေဘယ်လောက်သုံးမယ်ဆိုတာနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အလွတ်တန်းပညာရှင်တွေရဲ့ အရည်အသွေးက ပိုပြီး level မြင့်လေ talent pool က ပိုကျဉ်းလေလေဖြစ်ပြီး အလွတ်တန်းပညာရှင်များအတွက်ပေးရန် နှုန်းထားက ပိုမြင့်လာလေလေဖြစ်ပါတယ်။
၂။ အလွတ်တန်းပညာရှင်တွေကို ငွေပေးချေရတဲ့ နှုန်းထားက အချိန်ပြည့်ဝန်ထမ်းတွေရဲ့ လစာနဲ့ မတူပါဘူး။
မိတ်ဆွေအနေနဲ့ အချိန်ပြည့်ဝန်ထမ်းရဲ့လစာနဲ့ နှိုင်းယှဉ်ကြည့်ပြီး အလွတ်တန်းပညာရှင်တွေကို ဘယ်လောက်ပေးသင့်တယ်ဆိုပြီး အမှတ်မထင်တော့ တွက်ချက်ကြည့်မိတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အလွတ်တန်းပညာရှင်တွေကို ပေးရတဲ့ နှုန်းထားက စံနှုန်းအမျိုးမျိုးအပေါ်မူတည်တာဖြစ်ပါတယ်။
အလွတ်တန်းပညာရှင်တွေအတွက် ငွေပေးချေရတဲ့နှုန်းထားတွေက ၎င်းတို့ထံက ရယူထားတဲ့ ဗဟုသုတ၊ တိုးမြှင့်ထားတဲ့ အရည်အသွေးတွေနဲ့ ပရောဂျက်လုပ်နေစဉ်အတွင်း သင်ယူလေ့လာထားတာတွေကို ပြန်လည်အသုံးချတတ်တဲ့အပေါ် မူတည်ပါတယ်။ ဒါ့အပြင် အခြားကုန်ကျစရိတ်တွေဖြစ်တဲ့ ကွန်ပျူတာ၊ ရုံးခန်း နေရာ၊ အခွန် နှင့် အခြားအချက်တွေဟာလည်း ပါဝင်လာနိုင်တာကြောင့် ဖြစ်ပါတယ်။
မိတ်ဆွေအနေနဲ့ အလွတ်တန်းပညာရှင်တွေက ပြသတဲ့ proposals ကို ကြည့်ရှုစစ်ဆေးတဲ့အခါမှာ ငွေပေးချေမှုနှုန်းထားတွေဟာ မိမိပထမဆုံး စဉ်းစားမိမည့်အရာဖြစ်သော်လည်း၊ နှုန်းးထားအနိမ့်အမြင့်တွေကြောင့် အလွတ်တန်းပညာရှင်တွေရဲ့ အရည်အသွေးကောင်းနဲ့ အခွင့်အရေးကောင်းတွေကို မလွတ်ပါစေနဲ့။
၃။ တည်နေရာအပေါ် မူတည်ပြီး အလွတ်တန်းပညာရှင်များရဲ့ နှုန်းထားက ပြောင်းလဲနိုင်ချေရှိသော်လည်း၊ အရည်အသွေး (quality)အပေါ် သက်ရောက်မှုမရှိပါ။
အလွတ်တန်းပညာရှင်က မိမိနေထိုင်ရာ တိုင်းဒေသကြီးထဲမှာ မရှိပါက ဈေးကွက်ဝယ်လိုအား၊ နေထိုင်စရိတ်နည်းခြင်း အစရှိတဲ့ကိစ္စရပ်တွေကြောင့် နှုန်းထားနည်းစေနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ - မန္တလေးတိုင်းမှာနေထိုင်တဲ့ ဘာသာပြန်တစ်ဦးကို ငှားရမ်းခနှုန်းထားဟာ ရန်ကုန်မှာရှိတဲ့ အရည်အချင်းတူ ဘာသာပြန်တစ်ဦးထက် နှုန်းထား နည်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့အချက်တွေက ငှားရမ်းခ နှုန်းထားကိုနည်းစေတယ်ဆိုပေမယ့်လည်း၊ အလွတ်တန်းပညာရှင်၏ အရည်အသွေးကို တည်နေရာပေါ်မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ပါဘူး။ ဒါကြောင့် ကုန်ကျစရိတ်ကို တွက်ချက်ရာမှာ မိတ်ဆွေတို့အတွက် အဆင်ပြေဆုံးဖြစ်စေရန် ထိုအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ပရောဂျက်အတွက် အလွတ်တန်းပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ရာမှာလည်း ကုန်ကျစရိတ်သက်သာဖို့အတွက် ငွေပေးချေမှုနှုန်းထားအား ပိုမိုလျှော့ချထားပါက မိမိ၏ပရောဂျက်အတွက် လိုအပ်မယ့် အရည်အချင်းပြည့်မှီသူတွေကို ရရှိနိုင်မှာမဟုတ်ဘဲ အရည်အချင်းပြည့်မှီဖို့အတွက် လိုသေးတဲ့သူတွေကသာ ပရောဂျက်ကိုရသွားနိုင်ပါတယ်။ ဒါဟာလည်း အရည်အချင်းပြည့်မှီသူတွေက သူတို့ ပုံမှန်ရနေကျ နှုန်းထားမှမဟုတ်ရင် ဒီပရောဂျက်အတွက် စိတ်ဝင်စားမှုရှိမှာ မဟုတ်တာကြောင့်ဖြစ်ပါတယ်။ အဲဒီလိုအခါမျိုးတွေမှာ ကြုံတွေ့ရတာကတော့ ပရောဂျက်က ထင်သလောက်မဖြစ်မြောက်တာတွေ၊ အရည်အသွေးမမှီတာတွေ စတဲ့ အခက်အခဲတွေရှိနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့ ပရောဂျက်တွေအတွက် အလွတ်တန်းပညာရှင်တွေနဲ့အတူ လက်တွဲလုပ်ဆောင်လုပ်ရာမှာ ကုန်ကျစရိတ်လည်း သက်သာ၊ အရည်အချင်း ကိုက်ညီသူတွေလည်းပါဝင်ပြီး၊ ပရောဂျက်ကိုလည်း အောင်မြင်စွာ ပြီးမြောက်ချင်တယ်ဆိုရင်တော့ အထက်ဖော်ပြပါ အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ အကြုံပြုလိုက်ပါတယ်ရှင်။
“ချိတ်ဆက်”မှာ မြန်မာနိုင်ငံရဲ့ အရည်အချင်းပြည့်ဝ အလွတ်တန်းပညာရှင် ၂၄၀၀၀ကျော် ရှိနေပြီဖြစ်ပါသည်။
© 2016-2023 Technoholic Pte.Ltd . All rights reserved.