keyboard_arrow_left Back to blogs

Project တွေမှာ အလုပ်အပ်ခံရဖို့ ဘာတွေ သိထားရမလဲ...

# freelancing # chatesat
visibility

2117


‘ချိတ်ဆက်‘မှာ project တစ်ခုကို လျှောက်ထားတဲ့ freelancer တွေက ဆယ်ယောက်၊ ဆယ့်ငါးယောက်လောက် ပျှမ်းမျှရှိတတ်ပါတယ်။ အဲ့လို လျှောက်ထားသူတွေထဲကမှ ကိုယ့်ကို ရွေးပြီး အလုပ်အပ်ဖို့ ဆိုရင်တော့ project ကို စလျှောက်ကတည်းက သေသေချာချာလေး ပြင်ဆင်ထားရမှာပါ။ အဲ့ဒီအတွက် သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးထားပါတယ်။


၁။ Project Description ကိုသေချာဖတ်ပါ


Projectမှာပါတဲ့ အချက်အလက်တွေအားလုံးကို မလျှောက်ခင်မှာ သေချာဖတ်ပေးပါ။ မရှင်းလင်းတာတွေ ရှိရင် ‘ချိတ်ဆက်‘ရဲ့ Customer Experience Team ကို Facebook Page ကနေ လှမ်းမေးလို့ရပါတယ်။ Project Description ကို သေချာနားမလည်လို့ပဲ ဖြစ်ဖြစ်၊ မပြည့်စုံလို့ပဲ ဖြစ်ဖြစ် မလျှောက်ပဲတော့ မနေပါနဲ့။ လျှောက်ပြီးနောက်ပိုင်းမှာလဲ အလုပ်ရှင်က အလုပ်မအပ်ခင်မှာ ‘ချိတ်ဆက်‘ရဲ့ Chatroom ထဲကနေ လုပ်ငန်းရှင်တွေကို တိုက်ရိုက်မေးမြန်းလို့ ရပါတယ်။


၂။ Bid Amount ကိုချင့်ချိန်ပါ


အခုဆိုရင် project ကို မလျှောက်ခင်မှာ project တစ်ခုကို လျှောက်ထားကြတဲ့ ပျှမ်းမျှ bid amount ကို ကြည့်လို့ရပါတယ်။ ပျှမ်းမျှပမာဏထက် များလွန်းနေရင်လဲ အလုပ်အပ်ခံရဖို့ အခွင့်အလမ်းနည်းသလို၊ ပျှမ်းမျှပမာဏထက် အဆမတန် နည်းလွန်းနေရင်လဲ လုပ်ငန်းရှင်များဘက်က ကွာလတီမကောင်းမှာ စိုးရိမ်တဲ့အတွက် ရွေးချယ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ အကောင်းဆုံးကတော့ ကိုယ်လုပ်ရမယ့် အတိုင်းအတာနဲ့ စိုက်ထုတ်ရမယ့် အချိန်၊ လုပ်အားပေါ်မူတည်ပြီး သင့်တင့်တဲ့စျေးနှုန်းကို ပျှမ်းမျှ bid amount ထက် မများ၊ မနည်းစေပဲ လျှောက်တာ အကောင်းဆုံးပါ။


၃။ Cover Letter ကို အကောင်းဆုံးရေးပါ


Cover Letter က Proposal တစ်ခုရဲ့အသက်ဖြစ်လို့ စာလုံးရေ(၁၀၀)ထက်ပိုရေးဖို့ သတ်မှတ်ထားပါတယ်။ ဒီအပိုင်းက လုပ်ငန်းရှင်တွေ ကိုယ့်ကို အလုပ်အပ်အောင် အဓိက ဆွဲဆောင်ရမယ့် အပိုင်းပါ။ ကိုယ့်ရဲ့ Cover Letter က အခြားသော လျှောက်ထားတဲ့သူတွေရဲ့ Cover Letter ထက် သိသာထင်ရှားနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှု​တွေကို အသားပေး ရေးရမှာ ဖြစ်ပြီး လျှောက်ထားတဲ့ project အမျိုးအစားနဲ့ ဆင်တူ လုပ်ဖူးတဲ့ အတွေ့အကြုံရှိတယ် ဆိုရင် မဖြစ်မနေ ထည့်ရေးပေးသင့်ပါတယ်။


၄။ မြန်မြန်ဆန်ဆန် တုံ့ပြန်ပါ


လျှောက်ပြီးသွားတဲ့အခါမှာလဲ လုပ်ငန်းရှင်က ဆက်သွယ်လာရင် ချက်ချင်း စာပြန်နိုင်ဖို့အတွက် Emailကို မကြာခဏ စစ်ကြည့်ပေးပါ။ အကောင်းဆုံးကတော့ ‘ချိတ်ဆက်‘ရဲ့ Freelancer တွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ mobile application ကို download လုပ်ထားလိုက်ပါ။ Notification ကြည့်ပြီး အမြန်ဆုံး အကြောင်းပြန်နိုင်မှာပါ။ လုပ်ငန်းရှင်တိုင်းက မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တဲ့ Freelancerတွေကို ပိုပြီး ရွေးချယ်လေ့ရှိပါတယ်။

အပေါ်က အချက်လေးတွေကို သေချာ ဂရုစိုက်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ‘ချိတ်ဆက်‘မှာ project တွေ ရဖို့ သေချာသလောက်ပါပဲ...


‘ချိတ်ဆက်’ရဲ့ Freelancer တွေအားလုံး project တွေ အများကြီး ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

© 2016-2021 Technoholic Pte.Ltd . All rights reserved.