စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးများ

55 times  

  Posted on

လူတချို့ကတော့ စွန့်ဦးတီထွင်သူတွေဆိုတာ မွေးကတည်းက ပါရမီမို့လို့သာ ဒီလိုစဥ်းစားဖန်တီးနိုင်စွမ်းရှိကြတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တမ်းကျတော့ ဒါဟာ မွေးရာပါ ပါရမီတစ်ခု မဟုတ်ပါဘူး။ ဒါ့အပြင် ဒီလိုစွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ သင်ကြိုးစားရင်ကြိုးစားသလို ဖြစ်လာနိုင်တဲ့ အရာတစ်မျိုးပါပဲ။ ဒါကြောင့် အပေါ်မှာတုန်းက ပြောခဲ့သလိုပါပဲ လူတိုင်းက စွန့်ဦးတီထွင်သူဖြစ်လာနိုင်သလို စွန့်ဦးတီထွင်သူတိုင်းမှာလည်း တမူထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတတ်ကြပါတယ်။ ဒါကို Personal Entrepreneurial Competency (PECs) လို့လည်း ခေါ်ဆိုကြပါတယ်။ဒီကိုယ်ရည်ကိုယ်သွေးတွေကို လေ့ကျင့်ယူလို့ရနိုင်တာကြောင့် ကိုယ့်ဘဝမှာ ဒီလိုအလေ့အထမျိုးကို ကျင့်သုံးတာများလေလေ တိုးတက်ကောင်းမွန်လေလေ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအပတ်မှာတော့ လူငယ်တွေ နဲ့ စွန့်ဦးတီထွင်သူတွေအတွက် အလေ့အကျင့်ပြုလုပ်ထားသင့်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

PEC မှာဆိုရင် အုပ်စုသုံးခုခွဲအပ်ထားတာဖြစ်ပြီး၊ ကိစ္စများကို ဖြစ်မြောက်အောင်မြင်စေဖို့အတွက် (အောင်မြင်မှုရှာဖွေခြင်း အုပ်စု)၊ အနာဂတ်ရဲ့ ရလဒ်များကို ခန့်မှန်းပြီး ဘယ်လိုရယူဖို့အတွက် (စီမံကိန်းရေးဆွဲခြင်း အုပ်စု) နှင့် အခြားသူများကို သူတို့ရည်မှန်းချက်များ ရယူနိုင်ရန်အတွက် လွှမ်းမိုးဦးဆောင်ပေးနိုင်ဖို့အတွက် (အင်အား အုပ်စု)တို့ ပါဝင်တာပဲ ဖြစ်ပါတယ်။

အောင်မြင်မှုရှာဖွေခြင်း အုပ်စု

အခွင့်အရေးကို ရှာဖွေနိုင်စွမ်း နှင့် စတင်ဦးဆောင်နိုင်စွမ်း

• တခြားလူတွေက အတင်းတိုက်တွန်းလို့ (သို့မဟုတ်) လုပ်ခိုင်းလို့ လုပ်ရတာမျိုးမဖြစ်ခင်မှာ အရင်ကြိုလုပ်တတ်ခြင်း။

• နေရာအသစ်၊ ထုတ်ကုန်အသစ် (သို့မဟုတ်) ဝန်ဆောင်မှုအသစ်တွေကို ထပ်မံထည့်သွင်းပြီး လုပ်ငန်းတိုးချဲ့ရာမှာ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်တတ်ခြင်း။

• လုပ်ငန်းအသစ်ကိုစဖို့၊ ငွေကြေး၊ အခြားလုပ်ငန်းခွင်သုံး ပစ္စည်းစက်ကိရိယာ၊ မြေနေရာ (land) အစရှိတဲ့ အရာအားလုံးအတွက် ပုံမှန်သုံးနေကျ နည်းလမ်းတွေအပြင် အခြားရနိုင်တဲ့အခွင့်အရေးတွေကိုလည်း ဖောက်ထွက်စဥ်းစားအသုံးပြုတတ်ခြင်း။

တွက်ချက်ပြီးမှသာ မိမိယူနိုင်တဲ့ risk မျိုးကိုယူခြင်း

• လုပ်ငန်းအတွင်းမှာရှိလာနိုင်တဲ့ Risk တွေကို သေချာတွက်ချက်ပြီးမှသာ အခြားနည်းလမ်းတွေအတွက်လည်း တန်ဖိုးတွက်ချက်ခြင်း။

• Risk တွေကို လျှော့ချနိုင်ပြီး ရလဒ်ကို ထိန်းနိုင်စေရန်အတွက် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း။

• မိမိကိုယ်တိုင်အတွက်လည်း မိမိတာဝန်ယူနိုင်မယ့် risk မျိုးတွေ၊ စိန်ခေါ်မှုမျိုးတွေကို ပေးအပ်လုပ်ဆိုင်ခိုင်းခြင်း။

အရည်အသွေး နဲ့ ထိရောက်မှုရှိတဲ့နည်းလမ်းတွေကို အားထုတ်တောင်းဆိုမှု၊ လိုလားမှု

• လုပ်ငန်းနဲ့ပတ်သက်တဲ့ ကိစ္စရပ်တိုင်းအတွက် ပိုမိုကောင်းမွန်ရုံသာမက မြန်ဆန်၊ သက်သာစွာ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခြင်း။

•မိမိလိုချင်တဲ့ (သို့မဟုတ်) မိမိလိုအပ်တဲ့ ကောင်းမွန်မှုအတိုင်းအတာကို ရောက်ရှိစေဖို့ (သို့မဟုတ်) ကျော်လွန်စေဖို့အတွက်ကိုသာလုပ်ဆောင်ခြင်း။

• လုပ်ငန်းဆောင်တာတွေကို အချိန်မှီပြီးမြောက်စေဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ရောက်ရှိစေပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေအသုံးပြုခြင်း။

မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု

• သိသာထင်ရှားတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ မိမိကိုယ်တိုင်တာဝန်ယူဆောင်ရွက်ပြီး လုပ်ကိုင်ခြင်း။

• စိန်ခေါ်မှုတွေကို အောင်နိုင်ဖို့အတွက် နဲ့ဘယ်လိုအခက်အခဲမျိုးကိုမဆို ကျော်လွှားနိုင်ဖို့အတွက် ထပ်ခါထပ်ခါ လုပ်ဆောင်တတ်ခြင်း (သို့မဟုတ်) အခြားနည်းလမ်းတွေကို ပြောင်းလဲလုပ်ဆောင်ခြင်း။

• လုပ်ငန်းဆောင်တာတွေ ပြီးမြောက်အောင်မြင်ဖို့အတွက် အနစ်နာခံမှု (သို့မဟုတ်) သာမန်ထက် လွန်ကဲတဲ့ အားထုတ်မှုတွေကို ပြုလုပ်ခြင်း။

ကတိကဝတ်များ ဆောက်တည်မှု

•မိမိ သတ်မှတ်ထားတဲ့ အခြေအနေတွေမှာ သတ်မှတ်ထားတဲ့ အလုပ်တွေ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် လုပ်ငန်းဆောင်တာတွေမှာ အဟန့်အတားဖြစ်စေနိုင်တဲ့ ပြသာနာတွေကို တာဝန်ယူဖြေရှင်းပေးခြင်း။

• တာဝန်တစ်ခုပြီးမြောက်ဖို့အတွက် လိုအပ်ရင်လိုအပ်သလို လုပ်ဖော်ကိုင်ဖက်တွေကို ဝိုင်းဝန်းကူညီပေးခြင်း (သို့မဟုတ်) အလုပ်တာဝန်များ ခွဲယူလုပ်ဆောင်ပေးခြင်း။

• Customer တွေစိတ်ကျေနပ်မှုရရှိစေဖို့အတွက် ကြိုးစားဝန်ဆောင်မှုပေးရုံသာမက ရေတို အောင်မြင်မှုများထက် ရေရှည်အစဥ်အလာကောင်းမွန်မှုအတွက်ကို အသားပေးလုပ်ဆောင်ခြင်း။

စီမံကိန်းရေးဆွဲခြင်းအုပ်စု

အချက်အလက်များကို ရှာဖွေခြင်း

 • Customer တွေ၊ supplier တွေနဲ့ လုပ်ငန်းပြိုင်ဘက်တွေဆီကနေ အချက်အလက်တွေကို ရှာဖွေခြင်း။

• ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု ဘယ်လိုပြုလုပ်ရမလဲဆိုတာကို Research ပြုလုပ်ခြင်း။

• လုပ်ငန်း နဲ့ စက်မှုလက်မှုဆိုင်ရာအကြံဉာဏ်တွေအတွက် ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ တိုင်ပင်ဆွေးနွေးခြင်း။

ရည်မှန်းချက်/ ပန်းတိုင်ချမှတ်ခြင်း

• ဖြစ်နိုင်ချေရှိပြီး challenging ဖြစ်တဲ့ရည်မှန်းချက်တွေနဲ့ ပန်းတိုင်တွေကို ချမှတ်ခြင်း။

• ရှင်းလင်း တိကျတဲ့ ရေရှည်ရည်မှန်းချက်တွေကို သေချာစွာဖော်ပြခြင်း။

• တိုင်းတာလို့ရနိုင်တဲ့ ရေတိုရည်မှန်းချက်တွေကို ချမှတ်ခြင်း။

စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း

• ကြီးမားတဲ့ တာဝန်တွေကို သတ်မှတ်အချိန်အတွင်းမှာ လုပ်ဆောင်နိုင်တဲ့ တာဝန်သေးလေးတွေအဖြစ်ခွဲဝေကာ စီမံခန့်ခွဲခြင်း။

• ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်မှုတွေရဲ့ တုံ့ပြန်ချက်အပေါ်မူတည်ပြီး စီမံခန့်ခွဲမှု (plan) များကို ပြန်လည်စီစစ်ခြင်း။

• ငွေကြေးမှတ်တမ်းတွေကို သိမ်းဆည်းထားပြီး၊ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာ အသုံးပြုခြင်း။

အင်အားအုပ်စု

ဆွဲဆောင်နိုင်အားနှင့် network ကောင်းကောင်းပြုလုပ်နိုင်ခြင်း

• အခြားသူတွေကို လွှမ်းမိုးနိုင်၊ ဆွဲဆောင်နိုင်ဖို့အတွက် ‌ရေးဆွဲချမှတ်ထားတဲ့ နည်းဗျူဟာတွေကို အသုံးပြုခြင်း။

• မိမိချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ရယူနိုင်ဖို့အတွက် အရေးပါတဲ့ လူတွေကို အသုံးပြုခြင်း။

• လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်နိုင်မယ့် network ကောင်းကောင်းကို တည်ဆောက် ထိန်းသိမ်းထားနိုင်ဖို့အတွက် ပြုလုပ်ခြင်း။

လွတ်လပ်စွာတွေးခေါ်နိုင်မှု နှင့် ယုံကြည်မှုရှိခြင်း

• တခြားသူတွေရဲ့ ထိန်းချုပ်မှု နဲ့ စည်းမျဥ်းစည်းကမ်းတွေဆီကနေ ကိုယ်ပိုင်အုပ်ချုပ်နိုင်မှု၊ လုပ်ပိုင်ခွင့် စတာတွေကို ရှာဖွေတတ်ခြင်း။

• ဆန့်ကျင်မှုတွေ (သို့မဟုတ်) အနှုတ်လက္ခဏာပြတဲ့ ရလဒ်တွေကို ကြုံတွေ့နေရတဲ့ အချိန်မှာတောင်မှ မိမိရဲ့ကိုယ်ပိုင်အတွေး၊ အမြင်တွေကို မပြောင်းလဲသွားစေပဲ လုပ်ဆောင်နိုင်ခြင်း။

• စွန့်စားစိန်ခေါ် မှုတွေကို ရင်ဆိုင်ဖို့ နဲ့ ခက်ခဲတဲ့တာဝန်တွေကို ဖြေရှင်းဖို့ ကြောက်ရွံ့မနေဘဲ မိမိရဲ့စွမ်းရည်အပေါ် ယုံကြည်မှုရှိကာ ထုတ်ဖော်ပြသတတ်ခြင်း။

လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသူ၊ တစ်ဦးတည်းလုပ်ငန်းရှင်၊ စွန့်ဦးတီထွင်သူ၊ လုပ်ငန်းငယ် အလုပ်ရှင်တစ်ယောက်အနေနဲ့ အထက်မှာဖော်ပြခဲ့တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဖတ်ကြည့်ပြီး မိမိလိုအပ်တဲ့အချက်များ၊ ရှိပြီးသားအချက်များကို သိရှိပြီး ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါရှင့်။ လုပ်ငန်းရှင်အားလုံး အနေနဲ့လည်း မိမိလုပ်ငန်းငယ်ကို ရင်းနီးမြှုပ်နှံမှုရှာတော့မယ်၊ တိုးချဲ့တော့မယ်ဆိုရင် လိုအပ်လာမယ့် လုပ်ငန်းဆောင်တာ၊ ပရောဂျက်တွေအတွက် ချိတ်ဆက်ကို အချိန်မရွေး ဆက်သွယ်စုံစမ်းလိုက်လို့ရတာတယ်ဖြစ်ပါတယ် ရှင့်။

ချိတ်ဆက်မှာ လုပ်ငန်းရှင်တို့ရဲ့ ပရောဂျက်တွေကို ကူညီဆောင်ရွက်ပေးမယ့် အလွတ်တန်းပညာရှင်ပေါင်း ၂၅၀၀၀ကျော်ရှိနေပြီ ဖြစ်ပါတယ်။