လုပ်ငန်းငယ်တွေမှာ ဘယ်လိုဝန်ထမ်းတွေကိုရွေးချယ်ခန့်ထားမလဲ

105 times  

  Posted on

မင်္ဂလာပါရှင့်  ဒီတစ်ခါမှာတော့ မိမိလုပ်ငန်းအတွက် ဝန်ထမ်းများခန့်ထားတဲ့နေရာမှာ အရေးကြီးတဲ့ အချက်တချို့ကိုဖော်ပြပေးချင်ပါတယ်။

ဝန်ထမ်းခန့်ထားတဲ့အခါ ရွေးချယ်ရမယ့်အရည်အချင်း ၊ စိတ်နေသဘောထားတို့ကို  HR ဘက်ပိုင်းက အတွေ့အကြုံရှိသူများက ကောင်းမွန်စွာခန့်ထားရွေးချယ်နိုင်ကြပါတယ်။ ဒါပေမယ့် HR ဝန်ထမ်း ခန့်အပ်ထားခြင်းမရှိသေးတဲ့ အခုမှလုပ်ငန်းစတင်မယ့်  startup လုပ်ငန်းငယ်တွေနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်တော့ ဝန်ထမ်းရွေးချယ်ခန့်ထားတဲ့နေရာမှာ မတူညီတဲ့ စိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်။ 

ဝန်ထမ်းခန့်ထားတဲ့အခါ သာမန်အားဖြင့်တော့ အရင်ကလုပ်ကိုင်ခဲ့ဖူးတဲ့အရည်အချင်း ၊ တတ်မြောက်ထားတဲ့ ပညာရပ် ၊ ဘာသာစကားအရည်အသွေးတို့ကို ရွေးချယ်ပြီး အကောင်းတကာ့အကောင်းဆုံးကို ရွေးချယ်တတ်ကြပါတယ်။ ဒါတွေကလည်း မပါမဖြစ်အရေးကြီးပေမယ့် အောက်မှာဖော်ပြမယ့် တချို့အချက်လေးတွေကိုလည်း မေ့မထားသင့်ပါဘူး။

 

ဒါတွေကတော့

 

ခေတ်မီနည်းပညာပိုင်းကို ရင်းနှီးကျွမ်းဝင်မှုရှိသူ

 

ဒီလိုပြောလိုက်လို့ IT ပညာရှင်တွေကိုချည်း ရွေးချယ်ခန့်ထားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။ ခုလို IT ခေတ်မှာ ခေတ်မီနည်းပညာများဖြစ်တဲ့ အင်တာနက် ၊ Email တို့ကို ကောင်းမွန်စွာသုံးတတ်တဲ့သူတွေ ၊ ရုံးတွင်းအလုပ်လုပ်ရာမှာ မြန်ဆန်မှုရှိတဲ့ Tool တွေကို လေ့ကျင့်သင်ကြားပေးရင်လည်း တတ်လွယ်သူတွေ လေ့လာနိုင်သူတွေဖြစ်သင့်ပါတယ်။ အနည်းဆုံး တစ်ခုမလုပ်တတ်တိုင်း မလုပ်တတ်ဘူးဆိုတာမျိုးမပြောဘဲ Googleပေါ်မှာ အရင်ဆုံးရှာဖွေတတ်သူတွေ ဖြစ်သင့်ပါတယ်။ ဒါမျိုးကို နည်းပညာပိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီး မစိမ်းတဲ့သူလို့ အကြမ်းအားဖြင့် ခေါ်ဆိုနိုင်ပါတယ်။ နည်းပညာပိုင်းကို လုံးဝအစိမ်းသက်သက်လူကို ရွေးချယ်မယ်ဆိုရင်တော့ အလုပ်တွေမပြီးမြောက်နိုင်ဘဲ သူ့အတွက်ဖြေရှင်းပေးနေတာနဲ့တင် အချိန်ကုန်မှာဖြစ်သလို တစ်ခုခု မသိတာနဲ့ အရင်ကြိုးစားဖြေရှင်းဖို့မကြိုးစားဘဲ Complaint တွေတက်နေမှာပဲဖြစ်ပါတယ်။

ဥပမာ - ကိုယ့်ကွန်ပျူတာက Network ပြုတ်နေတာတောင်မသိဘဲ အင်တာနက်မရလို့အလုပ်မလုပ်တာမျိုးပေါ့ 

 

အသစ်အဆန်းတွေကို ရင်ဆိုင်ရမှာ မကြောက်သူ

 

အများသိကြတဲ့အတိုင်း စွန့်ဦးတီထွင်လုပ်ငန်းတွေ၊ ခုမှစတဲ့လုပ်ငန်းတွေဟာ စိန်ခေါ်မှုအသစ်အဆန်းတွေကို တွေ့ကြုံရမှာ ဓမ္မတာပါပဲ။ ဒီလိုလုပ်ငန်းမှာပါဝင်မယ့် ဝန်ထမ်းတစ်ယောက်က ရှေးရိုးစွဲ အမြင်တွေ ဖက်တွယ်ထားပြီး အဟောင်းတွေထဲမှာပဲ တဝဲလည်လည်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးနော်။ တစ်နေ့နဲ့တစ်နေ့ ပိုကောင်းအောင်လုပ်မယ်၊ တိုးတက်မှုတွေရှာဖွေမယ်၊ အစည်းအဝေးတွေမှာဆိုရင်လည်း မကြောက်မရွံနဲ့ တင်ပြစရာရှိတာတွေကို တင်ပြပြီး အိုင်ဒီယာအသစ်အဆန်းလေးတွေကို လုပ်ငန်းတိုးတက်ဖို့ အမြဲလိုလိုရှာဖွေပြီး ကြိုးစားနေမယ်ဆိုတဲ့ တက်ကြွနေတဲ့သူကိုတွေ့ရင်တော့ ဖမ်းသာခန့်ပစ်လိုက်ပါတော့။

အင်တာဗျူးကတည်းက ကျွန်တော်ဘာလုပ်ရမလဲဆိုပြီး အလုပ်ခေါ်စာလေးတောင်မဖတ်ဘဲ မေးလာတဲ့သူထက် အလုပ်ခေါ်စာကို သေချာဖတ်လာတဲ့အပြင် ကျွန်တော့်ကိုခန့်ရင်တော့ ဘယ်လိုတွေလုပ်နိုင်တယ်ဆိုတဲ့ ကိုယ်တောင် မစဉ်းစားဖူးတဲ့ အသစ်အဆန်းလေးတွေကို ရင်ဆိုင်ကြည့်ဖို့ ပြောလာသူတွေဆို ရွေးချယ်သင့်ပါတယ်။

 

တာဝန်ယူစိတ်ပြည့်ဝသူ ၊ တာဝန်ယူနိုင်သူ

 

ဝန်ထမ်းတွေကို ကုမ္ပဏီရဲ့အဆိုးအကောင်းအားလုံး တာဝန်ယူခိုင်းရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်။

တာဝန်ယူစိတ်ဆိုတာ ဝန်ထမ်းတိုင်းမှာရှိသင့်တဲ့ အရည်အချင်းဖြစ်သလို Startup တွေ ၊ Entrepreneur တွေအတွက်ဆို ပိုလို့တောင်လိုအပ်ပါသေးတယ်။ ဒီလိုလုပ်ငန်းတွေမှာ ဝန်ထမ်းတစ်ယာက်ချင်းစီက ကိုယ်သက်ဆိုင်ရာတာဝန်တွေကို လစ်ဟင်းပြီဆိုရင်တော့ ဆုံးရှုံးထိခိုက်မှုတွေက လုပ်ငန်းကြီးထက် ပိုသိသာတတ်တာကို ဂရုပြုဖို့လိုပါတယ်။ 

ကိုယ်တာဝန်ယူထားရတဲ့ ရာထူးအပေါ်မှာ အပေါ်ယံလေးတင်မဟုတ်ဘဲ အသေးစိတ်ကအစ တန်ဖိုးထားပြီး တာဝန်သိသူကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ ဥပမာပေးရမယ်ဆိုရင် လုပ်ငန်းကြီးတွေမှာ ဝန်ထမ်းအင်အားများနိုင်ပေမယ့် လုပ်ငန်းသေးမှာတော့ ဝန်ထမ်းအင်အားနည်းတဲ့အတွက် ခန့်အပ်မယ့်ဝန်ထမ်းက အကောင်းဆုံးကြိုးစားပြီး ပြောနေစရာမလိုဘဲ တာဝန်ယူလုပ်ကိုင်နိုင်တဲ့သူဆိုရင် ပိုမကောင်းဘူးလား။

 

အကောင်းမြင်စိတ်ရှိပြီး အများနှင့်ပေါင်းသင်းဆက်ဆံတတ်သူ

 

ဒါကလည်း ဝန်ထမ်းတစ်ယောက်မှာလိုအပ်တဲ့ အရမ်းအရေးကြီးတဲ့အချက်တစ်ခုပါပဲ။ မိမိလုပ်ငန်းက စတင်တည်ထောင်ကာစမှာ  ရုံးခန်းနေရာအနေအထားကျဉ်းမယ်၊ Department တွေအားလုံးလည်း ရောပြီးနေထိုင်ရမယ်၊ တစ်ခါတစ်ရံ သူ့အလုပ်ကိုယ့်အလုပ် မခွဲခြားဘဲကူညီပေးရတာမျိုးတွေရှိနိုင်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အကောင်းမြင်စိတ်ရှိသူတွေဟာ အဆင်ပြေဆုံးဖြစ်မှာပါ။ အလုပ်လုပ်တဲ့နေရာမှာလည်း အကောင်းမြင်စိတ်ရှိတဲ့သူတွေဟာ ပျော်ရွှင်တက်ကြွနေမှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း ချစ်ခင်စွာနေထိုင်တတ်ကြတဲ့အတွက် လုပ်ငန်းခွင်ဟာ ပျော်ရွှင်စရာကောင်းပြီး တစ်နေ့ထက်တစ်နေ့ တိုးတက်လာမှာအသေအချာပါပဲ။

 

အထက်မှာပြောခဲ့တဲ့ အချက်လေးချက်ဟာ လုပ်ငန်းငယ်တွေ ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက် ဝန်ထမ်းရွေးချယ် ခန့်အပ်ရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူဖြစ်မှာပါနော်။ ကိုယ့်မှာရှိတဲ့ လုပ်ငန်းအတွေ့အကြုံလေးတွေ သင့်တော့်တဲ့ရွေးချယ်ခန့်ထားမှု စံချိန်စံညွှန်းလေးတွေရှိရင်လည်း Comment မှာအကြုံပြုပေးသွားပါဦး။ လတ်တလောသင့်တော်တဲ့ ဝန်ထမ်းရှာမတွေ့သေးဘဲ မိမိတို့လုပ်ငန်းမှာ အရေးတကြီးပြီးမြောက်ဖို့လိုအပ်တဲ့ Project တွေရှိနေရင်တော့ ချိတ်ဆက်ရဲ့ Freelancer တွေက အသင့်ရှိနေပါတယ်နော်။ ချိတ်ဆက်အကြောင်းပိုမိုသိရှိချင်ရင်တော့http://bit.ly/34RTzF0 မှာဝင်ရောက်လေ့လာနိုင်ပါတယ်။